အိပ်ဆေးက ဆေးစွဲနိုင်လား
အိပ်ရခက်တဲ့ အိပ်ပျော်ဖို့ခက်နေတဲ့ပြဿနာဆိုတာ …. လူတိုင်းကြုံတွေ့နိုင်သလို.. တစ်ခါတစ်ရံမှာ ဆေးဝါးတွေရဲ့ အကူအညီလိုလာနိုင်တာလဲ ရှိပါတယ်…
အိပ်ဆေးတွေ ကို တိတိကျကျပြောရမယ်ဆိုရင် ဆရာဝန်ညွှန်ကြားချက်မလိုပဲ သောက်သုံးနိုင်တဲ့ သဘာဝအိပ်ဆေး (Melatonin) နဲ့ ဆရာဝန်ညွှန်ကြားချက်နဲ့မှ သောက်သုံးနိုင်တဲ့ Xanax နဲ့ Benzodiazepine အနွယ်ဝင် ‘Z drugs’ တွေရယ်ဆိုပြီး အမျိုးအစားကွဲပြားစွာ တည်ရှိပါတယ်။
ဆရာဝန်ညွှန်ကြားချက်လိုတဲ့ ဆေးတွေက ဦးနှောက်ရဲ့ GABA System ကို သွားလှုံ့ဆော်တာကြောင့် အချိန်တိုအတွင်းမှာ အိပ်ချင်စိတ်ဖြစ်လာစေမယ်… ကိုယ်ခန္ဓာလှုပ်ရှားမှုတွေ နှေးကွေးလာပြီး… တဖြေးဖြေး ငြိမ်သက်စေမယ့် အာနိသင်ကို ပေးပါတယ်။ များသောအားဖြင့် ဒီဆေးတွေကို တကယ်လိုအပ်တဲ့အချိန်မှာ အချိန်ခဏတာအတွက်ပဲ ဆရာဝန်တွေက ညွှန်ကြားလေ့ရှိပါတယ်…. ဘာလို့လဲဆိုရင်.. အိပ်ဆေးတွေကို ပမာဏများများနဲ့ ရေရှည်သောက်သုံးမယ်ဆိုရင်တော့ ဆေးစွဲတာနဲ့ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ချေရှိလို့ပါ။
ဒါပေမယ့် တစ်ချို့က အိပ်ဆေးတွေကို အိပ်ပျော်လိုတဲ့ ရည်ရွယ်ချက်တစ်ခုထဲနဲ့ မဟုတ်ပဲ… စိတ်ငြိမ်သက်အောင်… စိုးရိမ်ပူပန်မှုတွေ မေ့လျော့အောင်ဆိုပြီး… တလွဲသုံးနေကြတာမျိုးလဲ ရှိပါတယ်။
ဆေးစွဲလာတဲ့အခါမှာ ဆေးကိုဖြတ်လိုက်တာနဲ့
- ဆေးကို လိုချင်တောင့်တလာမယ်…
- အိပ်ဆေးမရှိရင် မနေနိုင်အောင်…
- ဆေးမသောက်ရရင် အိပ်မပျော်တော့တဲ့အခြေအနေအထိ ဖြစ်လာနိုင်ပါတယ်
- တစ်ချို့မှာတော့ ဆေးရဲ့ ပုံမှန်ပမာဏနဲ့ မတိုးတော့ပဲ ဆေးကို ပမာဏများများလိုအပ်လာတာတွေလဲ ဖြစ်လာနိုင်ပါတယ်။
ဒါဟာ အိပ်ဆေးကို မူးယစ်ဆေးလို စွဲလန်းသွားခြင်းရဲ့ လက္ခဏာတွေပါပဲ။
အိပ်ဆေးကြောင့်ဖြစ်လာနိုင်တဲ့ နောက်ထပ်ပြဿနာ တစ်ခုကတော့ Rebound Insomnia လို့ခေါ်တဲ့ ပြဿနာပါ… အိပ်ဆေးကို ဖြတ်လိုက်တဲ့အခါမှာ အိပ်ဆေးမသောက်ခင်အချိန်ကထက်တောင်ပိုပြီး အိပ်လို့မရ၊ ပိုအိပ်မပျော်တော့တာမျိုးကို ခံစားရပြီး ယခင်ကထက်ပိုပြီး ဆေးကို လိုအပ်လာတာမျိုးဖြစ်ပါတယ်။
တကယ်လို့….. အိပ်ဆေးကို လိုတာထက်ပိုပြီး ပမာဏများများသုံးမိမယ်ဆိုရင်တော့
- အာရုံစူးစိုက်ရခက်ခဲတာ၊
- မှတ်ဉာဏ်ထိခိုက်တာ၊
- လှုပ်ရှားမှုတွေ မူမမှန်တာ၊
- စိတ်အတက်အကျဖြစ်တာ၊
- မူးဝေတာ၊
- အိပ်မက်ဆိုးတွေမက်တာနဲ့
- ကယောင်ချောက်ခြားဖြစ်တာတွေ ကြုံလာနိုင်တာမို့ သတိထားမှီဝဲဖို့ လိုအပ်ပါတယ်။
ဒီတော့ အိပ်ဆေးကိုမှ လိုလားတောင့်တနေပြီဆိုရင် ဘယ်လိုလုပ်သင့်လဲ?
အိပ်ဆေးတွေက သင့်ကို ကောင်းကောင်းအိပ်စက်ဖို့ အကူအညီပေးနိုင်ပေမယ့် တလွဲသုံးမိမယ်ဆိုရင် သင့်အတွက် ဆိုးကျိုးပိုများစေမှာပါ။ ဒီဆိုးကျိုးတွေက တစ်ခါတစ်ရံမှာ သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။
ဒါ့ကြောင့် …. မလိုအပ်ပဲ အိပ်ဆေးကို စွဲနေပြီဆိုရင်… ဖြတ်ဖို့ လိုပါတယ်… တိခနဲဖြတ်တာမဟုတ်ပဲ ဖြေးဖြေးချင်းနဲ့ ဆေးကို လျှော့ပေးပါ။ လိုအပ်ရင် ဆရာဝန်ရဲ့ အကူအညီယူပါ။ တကယ်လို့ ဆေးစွဲတဲ့ လက္ခဏာတွေ အရမ်းဆိုးလာပြီဆိုရင် နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တစ်ဦးနဲ့ သေသေချာချာ တိုင်ပင်ဆွေးနွေးဖို့ လိုပါတယ်နော်
ယုဝါ (ဆေးဝါးကျွမ်းကျင်)